ရခိုင်ဒေသမှာ ရက်စက်မှုတွေ စံနစ်တကျ လုပ်ခဲ့တယ်လို့ ကုလအဖွဲ့ပြော
မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာများရဲ့ ထွက်ဆိုချက်အရ သတ်ဖြတ်ခြင်း နိပ်စက်ခြင်း အဓမ္မပြုကျင့်ခြင်း မီးရှို့ခြင်းတွေကို တသတ်မှတ်ထဲ စနစ်တကျပြုလုပ်တာခံရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အခြေအနေဆိုင်ရာစုံစမ်းသူတွေ က ပြောပါတယ်။
ပထမဆုံးအကြိမ်အဖြစ် ဘင်္ဂလာဒေ့ရှ်ကနေ ပြန်လည်ရောက်ရှိ လာပြီးနောက် အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ခေါင်းဆောင် အင်ဒိုနီးရှားနိုင်ငံက ရှေ့နေချုပ် Marzuki Darusman က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် ၂၅ရက်နေ့ကရိုဟင်ဂျာ လက်နက်ကိုင်တွေတိုက်ခိုက်ခဲ့ပြီး နောက် မြန်မာစစ်တပ်ရဲ့ ခြေမှုန်းမှုကြောင့် ဘယ်လောက်သေဆုံးတယ်ဆိုတာ အတိအကျ မသိရပေမဲ့ သေဆုံးမှုမြင့်မားနိုင်တယ်လို့ပြောပါတယ်။
အင်ဒိုနီးရှားရှေ့နေချုပ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ရှိ ရွာပေါင်းများစွာက ဒေသခံတွေရဲ့ ထွက်ဆိုချက်တွေကိုကြားသိခဲ့ရပြီး ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ စနစ်တကျ တသတ်မှတ်ထဲပြုလုပ်လာတဲ့ အပြုအမှုတွေဖြစ်နေပြီင်္း လူပေါင်းများစွာ လူ့အခွင့်အရေးချိုးဖေါက်မှု အမျိုးမျိုးကို အချိုးဖေါက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
သွားရောက်တဲ့ အဖွဲ့မှာ လွတ်လပ်တဲ့ကျွမ်းကျင်သူ သုံးဦးဟာ ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ Cox’s Bazar အနီးက စခန်းမှာ ၆ရက်ကြာတွေ့ဆုံမေးမြန်းမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ကျွမ်းကျင်သူအဖွဲ့မလာခင် ကြိုတင်သွားရောက်တဲ့ ကုလသမဂ္ဂအရာရှိများပါတဲ့ အဖွဲ့ကတော့ စောစောပိုင်းကထဲက ကြိုတင်သွားရောက်မေးမြန်းတာတွေလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပြီး မတ်လက တခါအသစ်ပြန်ပြီး ရခိုင်ဒေသမှာ အချက်အလက်ရှာဖွေခွင့်ရရှိဘို့ မြန်မာအစိုးရနဲ့ စစ်တပ်ကို ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

Comments