ခေတ်မီဆင်ဆာမီးပွိုင့် ၁၅၄ ခု တပ်ဆင်ပြီးစီး

ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ မောင်းနှင်သည့် မော်တော်ယာဉ်များကို ဗဟိုထိန်းချုပ်ရေးစနစ်ဖြင့် တိုက်ရိုက်ထိန်းချုပ်မည့် ခေတ်မီ ဆင်ဆာမီးပွိုင့် ၁၅၄ ခုကို တပ်ဆင်မှုမှာ ပြီးစီးပြီဖြစ်ကြောင်း မြန်မာရွှေယင်းကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၈

“မီးပွိုင့်တွေ အားလုံး ဒီလထဲမှာပဲ ပြီးတယ်။ နည်းပညာပိုင်း စမ်းသပ်မှုတွေ လုပ်နေတယ်”ဟု မြန်မာရွှေယင်း ကုမ္ပဏီ ထုတ်ကုန်၊ သွင်းကုန်မန်နေဂျာ ဒေါ်နီလာက ဆိုသည်။
လက်ရှိတွင် နည်းပညာဖြင့် စည်းကမ်းမဲ့ မော်တော်ယာဉ်များ ထိန်းချုပ်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ မည်သို့ စစ်ဆေးဖမ်းဆီးမည်ကို စမ်းသပ်လျက်ရှိပြီး အဆိုပါ ဆောင်ရွက်မှုများပြီးလျှင် ထိန်းချုပ်မှုစင်တာ (Control Center) မှ ကြီးကြပ်ထိန်းချုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များကို ရန်ကုန် မီးပွိုင့် ဗဟိုထိန်းချုပ်ရေးစနစ် (DICTCS) ရုံးခန်းတွင် တာဝန်ချထားပြီး လက်ရှိ Control Center မှ စည်းကမ်းမဲ့ မောင်းနှင်သည့် မော်တော်ယာဉ်များကို ထိန်းချုပ်ခြင်း မလုပ်သေးကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူး မျိုးအောင်မြင့်က ပြောကြားသည်။
ဆင်ဆာမီးပွိုင့် ၁၅၄ ခု တပ်ဆင်မှု ပြီးသော်လည်း နည်းပညာပိုင်း ချိတ်ဆက်မှု ကျန်ရှိနေပြီး လိုအပ်သည်များ အမြန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူက ပြောကြားသည်။
မြန်မာရွှေယင်းကုမ္ပဏီအနေနှင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက စာချုပ်ချုပ် ဆိုပြီး ခြောက်လအတွင်း ဆင်ဆာမီးပွိုင့် များကို အပြီးတပ်ဆင်နိုင်ခြင်း မရှိသဖြင့် ဩဂုတ်လ ၃ ရက်ကမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလဆန်းအထိ တစ်ရက် ကျပ် တစ်သိန်း ဒဏ်ကြေးဆောင်ခဲ့သည်။
ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် လိုင်စင်မဲ့ယာဉ်များကို ဆင်ဆာမီးပွိုင့်စနစ်ဖြင့် မှတ်သားကာ ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

Comments