ဂွါဒီယိုလာ၏အစ်မဖြစ်သူ သံအမတ်ကြီး နေရပ်သို့ ပြန်ခေါ်ခံရ

စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းသည် ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်ထားသည့် ကတ်တလန်သံရုံးများကို ပိတ်သိမ်းရန် စီစဉ်လိုက်ပြီဖြစ်ပြီး ယင်းသံရုံးများတွင် တာဝန်ထမ်းဆောင်နေသော သံအမတ်ကြီးများကို စပိန်အစိုးရက နေရပ်သို့ပြန်လာရန် ညွှန်ကြားထုတ်ပြန် ဆင့်ခေါ်ထားပြီဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။

ဘာစီလိုနာ၊ အောက်တိုဘာ ၂၉

စပိန်အစိုးရက နေရပ်သို့ပြန်လာရန် ညွှန်ကြားချက်ထုတ်ပြန် ဆင့်ခေါ်ခြင်းခံရသော သံအမတ်ကြီးများအနက်တွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာ၏အစ်မဖြစ်သူ ဖရန်ဆက်ကာလည်း ပါဝင်သွားခဲ့ပြီး လက်ရှိတွင် ကတ်တလန်သမ္မတ ပစ်ဂ်ဒီမောင့်က အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် လူထုဆန္ဒခံယူပွဲ၏မဲရလဒ်များအရ ကတ်တလန်ဒေသမှာ လွတ်လပ်နယ်မြေဖြစ်သွားပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်၍ စပိန်အစိုးရနှင့် ကတ်တလန်အစိုးရအကြားရှိ သဘောထားတင်းမာမှုများမှာ ပိုမိုမြင့်တက်သွားခဲ့ပြီလည်းဖြစ်သည်။
စပိန်အစိုးရအာဏာပိုင်များသည် ကတ်တလန်သမ္မတ ပစ်ဂ်ဒီမောင့်၏လွတ်လပ်နယ်မြေခွဲထွက်တည်ထောင်ခြင်းဆိုင်ရာ ကြေညာချက်ထွက်ပေါ်လာခဲ့အပြီးတွင် စပိန်အစိုးရ၏ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ထားသော ပြည်ပနိုင်ငံများရှိ ကတ်တလန်သံရုံးများကို ပိတ်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဂွါဒီယိုလာ၏အစ်မဖြစ်သူမှာ ဒိန်းမတ်နိုင်ငံရှိ ကတ်တလန်သံရုံးတွင် တာဝန်ကျနေခြင်းဖြစ်သည်။
ဖရန်ဆက်ကာသည် ဒိန်းမတ်နိုင်ငံရှိ ကတ်တလန်သံရုံးတွင် သံအမတ်ကြီးရာထူးဖြင့် တာဝန်ကျခဲ့ပြီး ခုနစ်လအကြာတွင် ကတ်တလန်ဒေသ လွတ်လပ်နယ်မြေ ခွဲထွက်တည်ထောင်ရေးအတွက် လူထုဆန္ဒသဘောထားခံယူပွဲဖြစ်စဉ် ပေါ်ပေါက်လာခဲ့ပြီး လက်ရှိတွင် ယင်းဖြစ်စဉ်ကြောင့် ဖရန်ဆက်ကာမှာ ရာထူးဆုံးရှုံးရနိုင်သည့်အခြေအနေတစ်ရပ်ကိုလည်း ရင်ဆိုင်နေရပြီဖြစ်သည်။
စပိန်အစိုးရနှင့် ဥရောပကော်မရှင်တို့သည် ကတ်တလန် လွတ်လပ်နယ်မြေ ခွဲထွက်တည်ထောင်ရေး လူထုဆန္ဒသဘောထားခံယူပွဲ၏မဲရလဒ်များကို ၎င်းတို့အနေနှင့် အသိအမှတ်ပြုပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားပြီဖြစ်ကာ လက်ရှိတွင် စပိန်ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်ခွဲ ၁၅၅ အရ ကတ်တလန်လွှတ်တော်ကို စပိန်အစိုးရဘက်က တိုက်ရိုက်ထိန်းချုပ် ကိုင်တွယ်သွားတော့မည်ဖြစ်ကြောင်းလည်း စပိန်ဝန်ကြီးချုပ် ရာဂျွိုင်းက အသိပေးထားပြီဖြစ်သည်။

Comments