ရိုဟင်ဂျာတွေ သားကြောဖြတ်ဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မိမိဆန္ဒအလျောက် သားသမီးမလိုချင်သူတွေကို သားကြောဖြတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေကြောင်း သတင်းရပါတယ်။
ဒေသခံ ကျန်းမာရေး အရာရှိတွေက အဲဒီ စခန်းတွေမှာ လူအဆမတန်များပြားပြီး ကလေးမွေးနှုံးမြင့်မားနေကြောင်း၊ သူတို့ကို ကွန်ဒမ်အစွပ်တွေ သုံးစွဲဖို့ဝေငှတာလည်း အောင်မြင်ခြင်းမရှိကြောင်း၊ တချို့မိသားစုတွေမှာ ကလေး ၁၉ ယောက် အထိရှိကြောင်း၊ ရိုဟင်ဂျာယောင်္ကျား အမြောက်အများဟာ တဦးကို ဇနီးမယားတယောက်ထက်မက ပိုယူထားကြကြောင်း၊ သားဆက်ခြားရေး အတွက် အရင်ကကြိုးစားမှုတွေ အောင်မြင်ခြင်းမရှိတဲ့အတွက် အခုလို သားကြောဖြတ်ရေးစီမံချက်ကို စီစဉ်တာဖြစ်ကြောင်း ပြောပါတယ်။
အခုအစီအစဉ် အရ ရိုဟင်ဂျာ အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ သားကြောဖြတ်မယ့် စီမံချက်ကို အစိုးရထံ တင်ပြထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီကိစ္စဟာ သိပ်ပြီးအောင်မြင်ဖို့ မလွယ်ကြောင်း၊ ရိုဟင်ဂျာအများအပြားက အိမ်ထောင်စုတခုမှာ သားသမီးများများရှိမှ သူတို့မိသားစု ပိုမိုအင်အားတောင့်တင်းမယ်လို့ ယူဆကြသလို သားသမီးရရှိရေး တားဆီးတဲ့ကိစ္စဟာ အစ္စလမ်ဘာသာနဲ့ ဆန့်ကျင်တယ်လို့ ယုံကြည်နေသူတွေလည်း ရှိကြောင်း သားဆက်ခြားရေးဆိုင်ရာ ဒေသခံ အရာရှိတဦးက ပြောပါတယ်။

Comments