စပိန်နိုင်ငံ ကက်တလိုးနီးရား ပြသနာ ပိုမို တင်းမာနေ
လွတ်လပ်ရေးတောင်းပြီး ခွဲထွက်ဖို့ ကြိုးပမ်းမှုကြောင့်တင်းမာနေတဲ့ နိုင်ငံရေးအခြေအနေ အရ စပိန်နိုင်ငံဟာ အထူးကို အန္တရာယ်ရှိတဲ့အခြေအနေကို ရောက်ရှိနေပြီး ထိမ်းထိမ်းသိမ်းသိမ်းရှိကြဖို့ စပိန်ဝန်ကြီးချုပ် Mariano Rajoy က ဆော်သြလိုက်ပါတယ်။ ကက်တလိုးနီးရားဒေသမှာ ဥပဒေစိုးမိုးရေးပြန်လည် ရရှိအောင်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဘာဆီလိုနားမြို့ ပါလီမန်အနီးပန်းခြံမှာ လူ၂၀၀၀ခန့် ဒီနေ့ စောစောပိုင်းကစုဝေးပြီး လွတ်လပ်ရေးကြေညာတာကို ထောက်ခံကြပါတယ်။ဒီလို တဖက်သပ် လွတ်လပ်ရေးကြေညာတာကို စပိန် အစိုးရက နာရိပိုင်းအတွင်း ပယ်ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ ဥရောပကောင်စီ ရဲ့ ဥက္ကဌ Donald Tusk က EU အနေနဲ့ ဗဟို အစိုးရနဲ့ပဲ ဆက်ဆံမယ်လို့ ကြေညာပါတယ်။
ဥရောပကော်မရှင်ကတော့ စပိန်နိုင်ငံက ဒီအရေးဟာ သူ့နိုင်ငံပြည်တွင်းရေး ပြဿနာသာ ဖြစ်တယ်လို့ပြောပါတယ်။
အလားတူဘဲ အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီ နဲ့ ဗြိတိန်တို့ကလည်း ကက်တလိုးနီးယားကို စပိန်ရဲ့ အစိတ်အပိုင်းအဖြစ်သာ လက်ခံပြီး ၀န်ကြီးချုပ် Rajoy ကိုထောက်ခံသွားမယ်လို့ ဆိုပါတယ်။
ခုလိုကက်တလိုနီးယားလွတ်လပ်ရေးကြေညာခဲ့တာနဲ့ပတ်သက်ပြီး လှုပ်ရှားမှုခေါင်းဆောင် Carles Puigdemont ကို ပုန်ကန်မှုနဲ့ အရေးယူဖို့ ပြင်ဆင်နေပါတယ်။ စပိန်ဗဟို အစိုးရကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိမ်းချုပ်ဖို့ မဲခွဲအတည်ပြုပြီးဖြစ်လို့ တိုက်ရိုက်ထိမ်းချုပ်ဘို့ စီစဉ်နေပါတယ်။

Comments