ရိုဟင်ဂျာက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို သတ်ဖြတ်
ကော့ဇ်ဘဇားဒေသမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတယောက်ကို ရိုဟင်ဂျာတဦးက စနေနေ့မှာ ဓါးနဲ့ခုတ်သတ်လိုက်ပါတယ်။ ကော့ဇ်ဘဇားခရိုင် ရဲအရာရှိတဦးက မိသားစု အချင်းများရာကနေ အခုလို လူသတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ရိုဟင်ဂျာတွေ ရောက်လာပြီးနောက်ပိုင်း ရာဇဝတ်မှုတွေ သိသိသာသာ ထူပြောလာကြောင်းနဲ့ လုံခြုံရေးတိုးချဲ့ချထားကြောင်း ပြောပါတယ်။
အဲဒီ ကော့ဇ်ဘဇားခရိုင်က တက်နပ်ဖ် နဲ့ အူကီးယာ မြို့ ၂ မြို့မှာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေနဲ့ ဒေသခံ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေအကြား တင်းမာမှုတွေတိုးပွားနေပါတယ်။
ဒေသမှာရှိတဲ့ ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ရိုဟင်ဂျာတွေက ဝင်ရောက်နေရာယူလာကြကြောင်း၊ သူတို့က ဒေသခံတွေထက် ပိုမိုလုပ်ကိုင်နိုင်ပြီး လုပ်ခလည်းနည်းနည်းပဲပေးဖို့လိုကြောင်း၊ အခုဆိုရင် ငါးဖမ်းလုပ်သား အများစုဟာ ရိုဟင်ဂျာတွေဖြစ်နေကြောင်း ငှားဖမ်းစက်လှေပိုင်ရှင်တဦးကပြောပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာ ထောင်ပေါင်းများစွာ ရောက်ရှိလာပြီးနောက် ကုန်ဈေးနှုံးနဲ့ သယ်ယူပို့ဆောင်ခတွေလည်း တက်လာတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။

Comments