ဗီယက်နမ် အကျဉ်းသူရဲ့ သမီးငယ်က ကန် သမ္မတဇနီးထံ အကူအညီတောင်း
ဗီယက်နမ်နိုင်ငံမှာ အစိုးရအကြည်ညိုပျက်အောင် ဖေ့စ်ဘုတ်ကရေးသားမှုအတွက် ထောင်ဒဏ် ၁ဝ နှစ် အပြစ်ပေးခံနေရတဲ့ အတိုက်အခံတစ်ဦးရဲ့ ၁ဝ နှစ်အရွယ် သမီးငယ်က အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ဇနီး Melania Trump မယ်လားနီးယား ထရမ့် ထံကို စာတစ်စောင်ရေးသားပြီး သူ့မိခင်လွတ်မြောက်အောင် ကြိုးပမ်းကူညီပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံကို လာမယ့် နိုဝင်ဘာလမှာ သမ္မတ ထရမ့် သွားရောက်ဖို့ ရှိနေစဉ်အတွင်း အကျဉ်းကျနေတဲ့ ဘလော့ဂါ Nguyen Ngoc Nhu Quynh ငုယင် နော့ နူ ကွင်း ရဲ့ သမီးလေး Nguyen Bao Nguyen ငုယင် ဘောင် ငုယင် က အမေရိကန်သမ္မတကတော်ထံ အခုလို စာရေးသား လိုက်တာပါ။
အဲဒီစာကို ငုယင်လေးရဲ့ ဖွားဖွားက သူ့ရဲ့ Facebook ဖေ့စ်ဘုတ်မှာ ဖေါ်ပြခဲ့ပါတယ်။ စာထဲမှာ “သမီးရဲ့ မေမေဟာ ဘာပြစ်မှုမှ ကျူးလွန်ခဲ့သူမဟုတ်ပါဘူး။ ဒါကြောင့် သမီးတို့ မိသားစု ပြန်လည်ဆုံတွေ့နိုင်အောင် ကျေးဇူးပြုပြီးကူညီပါ” လို့ ရေးသားထားပါတယ်။
နိုင်ငံရေးအကျဉ်းသူ ကွင်း ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက သမ္မတကတော် မယ်လားနီးယား ထရမ့်ရဲ့ International Women of Courage Award နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်များဆု ချီးမြှင့်ခံရသူတစ်ဦးဖြစ်ပါတယ်။
ငုယင်လေးရဲ့ ဖွားဖွား ငုယင် သီလန် က “ငါ့မြေးရယ် သမ္မတကြီးရဲ့ ဇနီးက အလုပ်သိပ်များတာကွဲ့။ သူ့ရဲ့ လက်ထောက်တစ်ဦးဦးကတော့ ငါ့မြေးရဲ့စာကို ဖတ်ကောင်းဖတ်မိပါလိမ့်မယ်၊ ငါတို့ ဆုတောင်းကြတာပေါ့” လို့ သူ့မြေးကို နှစ်သိမ့်စကား ပြောခဲ့ပါသတဲ့။

Comments