စုံစမ်းရေးမှူး မြူးလာရဲ့ ပထမဆုံးစွဲချက် ခုံသမာဓိ လက်ခံလိုက်ပြီ
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် အမေရိကန်သမတရွေးကောက်ပွဲမှာ ရုရှားအစိုးရက ဝင်ရောက်ခြေရှုတ်ခဲ့တာကို စစ်ဆေးဖို့အတွက် အထူးတာဝန်ပေးအပ်ခြင်းခံရသူ စုံစမ်းရေးမှူး Robert Mueller ရောဘတ် မြူးလာ တင်ပြတဲ့ ပထမဆုံး စွဲဆိုချက်ကို ဗဟိုပြည်ထောင်စု ခုံသမာဓိအဖွဲ့က သောကြာနေ့မှာ လက်ခံ အတည်ပြုလိုက်ပါတယ်။
အဲဒီ စွဲဆိုချက်ပါဝင်တဲ့စာအိပ်ကို အခု ချိတ်ပိတ်ထားတဲ့အတွက် ဘယ်သူ့ကို ဘယ်လိုစွဲချက်တင်ထားလဲဆိုတာ မသိရသေးပါဖူး။ ဒါပေမယ့် အဲဒီစွဲဆိုချက်အရ စွဲချက်တင်ခံရမယ့်သူကို လာမယ့် တနင်္လာနေ့မှာ ဖမ်းဆီးနိုင်တယ်လို့ CNN သတင်းမှာ ဖေါ်ပြထားပါတယ်။
ဒီကိစ္စအတွက် အထူးစုံစမ်းရေးမှူး ရောဘတ် မြူးလာ ကို အမေရိကန်တရားရေးဌာန ဒုတိယ ဝန်ကြီး Rod Rosenstein ရော့ဒ် ရိုဆင်စတိုင်း က မေလမှာ ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ တာဝန်အရ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း လက်ရှိသမတ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်အဖွဲ့နဲ့ ရုရှားတွေအကြား ဆက်သွယ်မှုတွေအပြင် တရားစီရင်ရေးစံနစ်အပေါ် သမတက ဝင်ရောက်နှောက်ယှက်မှု ရှိခဲ့သလား ဆိုတာကို မစ္စတာမြူးလာ က အဓိကထား စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ရုရှားထောက်လှမ်းရေးတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို အဲဒီအချိန်က FBI ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့ ညွန်ကြားရေးမှူး James Comey ဂျိမ်းစ် ကိုမီ က ပထမဆုံး ထောက်လှမ်းခဲ့တာပါ။
သူ့ကို သမတ ထရမ့်က မေလမှာ ရာထူးက ရုတ်တရက် ထုတ်ပယ်လိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်တရားရေးဌာနက ဂျိမ်းစ် ကိုမီ နည်းတူ FBI ညွန်ကြားရေးမှူးအဖြစ် ထမ်းဆောင်ဖူးတဲ့ ရောဘတ် မြူးလာ ကို အခုလို တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Comments