၂၂ ဘီးကားကို နောက်မှ ဝင်တိုက်မိ၍ သုံးဦးသေဆုံး
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ သာယာကုန်းကျေးရွာအုပ်စု အုန်းကုန်းရွာအနီး ယနေ့(နိုဝင်ဘာ ၁၂ ရက်) နံနက် ၁ နာရီခန့်က စက်ချို့ယွင်းသဖြင့် ကားလမ်းပေါ်တွင် ရပ်ထားသော ၂၂ ဘီးကားကို ကန်တာ အမျိုးအစား ယာဉ်က နောက်မှ ဝင်တိုက်မိသဖြင့် သုံးဦးသေဆုံးပြီး လေးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဥက္ကံနယ်မြေရဲစခန်းထံမှ သိရှိရသည်။
ဥက္ကံ၊ နိုဝင်ဘာ ၁၂

အနောက်မှ ဝင်တိုက်မိ၍ ကန်တာယာဉ်၏ ခေါင်းပိုင်းတစ်ခုလုံး ချိုင့်ဝင်ပျက်စီးကာ လူများ ညပ်နေခဲ့သည်။ တာဝန်ရှိသူများက စစ်ဆေးရာတွင် သေဆုံးနေပြီဖြစ်သည်။ နောက်မှ လူများလည်း ဒဏ်ရာ အသီးသီးရသဖြင့် ခက်ခဲစွာထုတ်ပြီး ဥက္ကံဆေးရုံသို့ မေတ္တာရေစင် ပရဟိတအဖွဲ့ကားဖြင့် ပို့ဆောင်ပေးခဲ့ရကြောင်း အမှုစစ်ဒုရဲအုပ်မင်းသူက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုမြင့်ဇော်ဦး(၂၄ နှစ်ခန့် - လိပ်စာ မသိရသေး)နှင့် ယာဉ်မောင်းဘေးလိုက်ပါလာသည့် အမည်မသိ အမျိုးသားတစ်ဦး၊ ယာဉ်နောက်ခန်းတွင် လိုက်ပါသည့် ကိုသန်းစိုး (၄၀ နှစ်) စံလယ်ရွာ၊ သရက်မြို့နေသူတို့ နေရာတွင် သေဆုံးသွားခဲ့သည်။
ကန်တာယာဉ်နှင့် ပါလာသည့် သရက်မြို့၊ စံလယ်ရွာနေ မသန္တာအေး(၃၈နှစ်)၊ မင်းတုန်းမြို့နယ်၊ ရွေချောင်းရွာနေ မစန်းစန်းအေး (၃၅ နှစ်)၊ ကိုအောင်ဝင်းသိန်း(၃၅ နှစ်) နှင့် သွေးခြောက်ရွာနေ ကိုကျော်စန်း(၃၇ နှစ်)တို့ လေးဦးကို ဥက္ကံဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသထားသည်။ ဒဏ်ရာရသူ လေးဦးအနက် နှစ်ဦး(အမည် မသိရသေး)ကို ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသထားရသည်။
ယာဉ်မဆင်မခြင် မောင်းနှင်ပြီး အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်သူ ယာဉ်မောင်း မြင့်ဇော်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၄ က/ ၃၃၈ဖြင့် ဥက္ကံနယ်မြေရဲစခန်းတွင် အမူဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။
Comments