" ခုလို မြန်မာ့အရေးနဲ့ပတ်သက်လို့ ကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက်ထုတ်ပြန်မှုအပေါ် ကျွန်တော်တို့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်၊
နိုဝင်ဘာ ၇ ။ ။ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုတွေကို မြန်မာအစိုးရက ထိန်းချုပ်ပေးဖို့နဲ့ ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်တွေ မူလနေအိမ်တွေကို ပြန်လာခွင့်ပြုရေး တောင်းဆိုထားတဲ့ ကြေညာချက်တစ်စောင်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံကပါ ထောက်ခံခဲ့တဲ့ ယင်းကြေညာချက်နဲ့အတူ ဘင်္ဂါလီမွတ်ဆလင် ၆၀၀,၀၀၀ နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဆိုပြီး လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ပြစ်တင်သွားခဲ့ပါတယ်။
" ရခိုင်ပြည်နယ်မှာ အရပ်ဘက်အုပ်ချုပ်ရေးစနစ် ပြန်လည်ထားရှိနိုင်ဖို့အတွက် စစ်တပ်ရဲ့ အင်အားအလွန်အကျွံ အသုံးပြုနယ်မြေရှင်းလင်းမှုတွေ နောက်ထပ် ထပ်မဖြစ်စေဖို့ မြန်မာအစိုးရကို လုံခြုံရေးကောင်စီအနေနဲ့ တောင်းဆိုလိုပါတယ်၊ ဒါ့အပြင် တရားဥပဒေစိုးမိုးမှု ရှိဖို့၊ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာရမယ့် ကတိက၀တ်တွေနဲ့အညီ ဆောင်ရွက်ဖို့ တောင်းဆိုလိုပါတယ်" ဆိုပြီး ကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ကုလဆိုင်ရာ အီတလီသံမတ်ကြီး ဆီဘက်တီယန်နို ကာဒီက ပြောပါတယ်။
ဒ့ါပေမယ့်လည်း အဆိုပါ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ကြေညာချက်နဲ့ပတ်သက်လို့ မြန်မာသံအမတ်ကြီး ဦးဟောင်ဒိုဆွမ်းက ချက်ချင်းပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အဆိုပါကြေညာချက်ဟာ တစ်ဘက်စောင်းနင်း ဖြစ်နေတယ်လို့ မြန်မာသံအမတ်ကြီးက ပြောခဲ့ပါတယ်။
" ခုလို မြန်မာ့အရေးနဲ့ပတ်သက်လို့ ကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက်ထုတ်ပြန်မှုအပေါ် ကျွန်တော်တို့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်၊ ဒီလို စွပ်စွဲချက်တွေက တကယ့်လက်တွေ့မြေပြင်မှာ ဖြစ်နေတာတွေကို ထင်ဟပ်ဖို့ ခက်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါ့အပြင် ရခိုင်ပြည်နယ်က ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းနေမှုတွေကို ဒီလိုကြေညာချက်ထုတ်တာက လုံလုံလောက်လောက် အသိအမှတ်ပြုရာ ရောက်မှာမဟုတ်ပါဘူး" လို့ ၎င်းက ပြောသွားခဲ့ပါတယ်။
Comments