တပ်မတော်ခေါင်းဆောင်တွေ အရေးယူရေး ကန် အမတ်တွေ အဆိုပြု
အမေရိကန် ပါတီ ၂ ရပ်လုံးမှာရှိတဲ့ လွှတ်တော်အမတ်တွေက မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို ခရီးသွားလာခွင့်အပါအဝင် ပိတ်ဆို့အရေးယူမယ့် ဥပဒေမူကြမ်းတရပ်ကို မနေ့က အဆိုပြု လိုက်ပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုအတွက် အခု အဆိုကို ထောက်ခံ တင်သွင်းခဲ့သူတွေထဲမှာ ရီပတ်ဘလီကင်ပါတီက အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီ ဥက္ကဌ John McCain ဂျွန် မက်ကိန်း နဲ့ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဝင် Ben Cardin ဘင် ကားဒင် တို့ပါဝင်ပါတယ်။
အခုတင်သွင်းလိုက်တဲ့ ဥပဒေမူကြမ်းမှာ မြန်မာပြည်ကထွက်တဲ့ ကျောက်မျက်တွေ ဝယ်ယူတင်သွင်းမှု ပိတ်ပင်တဲ့ ဥပဒေကို ပယ်ဖျက်ရာကနေ ပြန်လည်ပြဌာန်းရေး၊ မြန်မာ့တပ်မတော်ပိုင် ကုမ္ပဏီတွေနဲ့ ပတ်သက်ဆက်ဆံတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူရေးနဲ့ တားမြစ်မှုနဲ့သက်ဆိုင်သူတွေကို ဗီဇာပိတ်ပင်ရေးတွေပါဝင်ပါတယ်။
အလားတူ ဥပဒေမူကြမ်းတခုကို ပါတီ ၂ ရပ်လုံးမှာပါဝင်တဲ့ အောက်လွှတ်တော်အမတ်တွေကလည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

Comments