သင် ကောင်းစားနေစဉ် ကျွန်ုပ်ကို သတိရပါ၏လော
သူတို့ သေဆုံးသောအခါ လူများက ဝမ်းနည်း ပူဆွေးကြရသည်။ တသသဖြစ်ကြရသည်။ သေမင်းသည် လူဆိုးလူကောင်းမရွေး ခေါ်ချင်သူကို အရင်ခေါ်သည်ဟု ပြောဆိုလေ့ရှိကြသည်။
သို့သော် သေမင်းက သူ့ကိုအပြစ်ပြောနေသူများကို လမ်းလွှဲ၍ အခြားသေမင်း တစ်ဦးကို လက်ညှိးထိုးပြသည်။ ထိုသေမင်းကပြောကြားသည်မှာ ”သင်ကောင်း စားစဉ်က ကျွန်ုပ်ကို သတိရပါ၏လော”ဟု။ ထိုသေမင်းမှာ အခြားမဟုတ်။ သင်၏ ကျန်းမာရေးပင်ဖြစ်သည်။ သင်သည် ကျန်းမာရေးကိုဂရုမစိုက်ခဲ့။
ကမ္ဘာကျော် Apple ကွန်ပျူတာ၏ CEO သူဌေးကြီးဖြစ်ပြီ နည်းပညာရှင်ကြီး လည်းဖြစ်သူ စတိဗ်ဂျော့(Steve Jobs)(၁၉၅၅-၂ဝ၁၁)သည် အသက် ၅ဝ ကျော် အရွယ်ကောင်းတွင် ကွယ်လွန်ခဲ့ရသည်။ သူ နောက်ဆုံး ရေးသွား၊ ပြောသွားသည့် စကားများမှာ အလွန်သင်ခန်းစာယူဖွယ် ဖြစ်သည်။
”ဆေးရုံ၏ အသက်ကယ် ခန်းထဲတွင် လဲလျောင်းနေပြီး အသက်ကယ် စက်များမှ လင်းနေသည့် အစိမ်းရောင် မီးပွင့်လေးများကိုကြည့်ရင်း ဘဝ၏ နောက်ဆုံးအချိန်ကို စောင့်နေရသည်။ ကျွန်ုပ်တို့ ဘဝတွင် သင်ကြားမှုများစွာနှင့် စာအုပ်များစွာ ဖတ်ခဲ့ ကြသည်။ အောင်မြင်မှုကို ရခဲ့သည်။ ထို့နောက်တွင် အိပ်ရာထဲလှဲနေရသည့် အချိန် ရောက်မှ ကျွန်ုပ်တို့ဘဝတွင် မဖတ်ခဲ့မိသည့် စာအုပ်တစ်အုပ် ရှိနေသည်ကို သတိပြု မိသည်။ ထိုစာအုပ်မှာ ကျန်းမာရေးဟူသော စာအုပ်ပင်ဖြစ်သည်။
လူတစ်ယောက် ၏ဘဝတွင် စားဝတ်နေရေးအတွက် ထိုက်သင့်သော အောင်မြင်မှုတစ်ခု ရပြီးချိန် တွင် ဂရုစိုက်သင့်သည်မှာ ကျန်းမာရေးပင်ဖြစ်သည်”ဟု ဆိုထားသည်။ သူသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။ သူမကွယ်လွန်မီ ပြောခဲ့သောစကား သည် အထူးပင် သံဝေဂရစရာ ဖြစ်ပါသည်။
တစ်နေ့က သတင်းစာတစ်စောင်၏ ကျောဘက်တွင် ကြားညှပ်စာအဖြစ် ”သွေး လည်ပတ်မှု ကောင်းစေရန်အတွက် နေ့စဉ်ပုံမှန် လမ်းလျှောက်ပါ”ဟု စာတန်းငယ် ဖော်ပြထားသည်ကိုတွေ့ရသည်။ အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဖတ်သူသိပ်မရှိပါ။ အခြား သတင်းစာတစ်စောင်၏ ကြော်ငြာကဏ္ဍ နေရာလွတ်တစ်ခုတွင်လည်း ”သင် ကျန်းမာစေရန် အဆီနှင့် အငန်ကို လျှော့စားပါ”ဟု စာတန်းငယ်ကို မကြာခဏ ဖတ်ရှုရ သည်။ သို့သော် သတိထားသူက နည်းသည်။ ဖတ်ရှုမိသည့်တိုင် လိုက်နာသူ မရှိသလောက် ဖြစ်နေသည်။ သတင်းစာတွင် သတင်းကိုသာ ဦးစားပေးဖတ် ကြသည်ကို တွေ့ရသည်။
ဆရားကြီဦးသုခ၏ ”ဘဝသံသရာ… ရှည်လျားထွေပြား… မနေမနား တစ်သွား တည်းသွားကြရှာ.. ခရီးပန်းတိုင် မရောက်မချင်း… တစ်ယောက်ဆင်းတစ်ယောက် တက်… ဆက်လက်ထွက်ခွာလာ”ဟူသော သီချင်းကဲ့သို့ပင် မေ့မေ့လျော့လျော့နှင့် ခရီးဆက်နေကြသည်သာ။ ဘယ်သူသေသွားပြီ၊ ဘယ်သူမရှိတော့ဟု အမှုမဲ့အမှတ်မဲ့ ပြောဆိုနေကြသော်လည်း မိမိကိုယ်မိမိ ထည့်မစဉ်းစားမိကြပေ။
အချို့ကလည်း အသက်ရှည်ခြင်း၊ မရှည်ခြင်းသည် ကံ၊ ကံ၏ အကျိုးသာ ဖြစ်သည် ဟုဆိုကြသည်။ ”ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေနိုင်သည်၊ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်ပြီး သေနိုင်သည်”ဟု ဆိုလိုက်လျှင် ”ဆေးလိပ် သောက်နေတဲ့သူတွေ အပုံကြီးပါကွာ၊ သူဖြစ်ချင်တဲ့သူ ဖြစ်တာပါ”ဟု ပြောကြသည်။
”ကွမ်းစား၍ ပါးစောင်ကင်ဆာ ဖြစ်သည်။ ဆေးရွက်ကြီး၏ ဆိုးကျိုးများက များလှသည်”ဟု ဆိုလျှင် ”ကွမ်းဆိုတာ တို့ဘိုးဘေးလက်ထက်ကတည်းက စားလာ ခဲ့တာ၊ ရိုးရာအမွေအနှစ်၊ ကွမ်းဓလေ့ မှတ်တမ်းတွေ ပုဂံခေတ်ကတည်းကရှိတယ်၊ ကင်ဆာဆိုတာ အခု နောက်မှ ပေါ်လာတာ”ဟု ဆိုတတ်ကြပြန်သည်။
”သူဖြစ်ချင် ဖြစ်တာပဲ၊ မဖြစ်ချင် မဖြစ်ဘူး”ဟူသောစကားကို ပေါ့ပေါ့တန်တန် ပြောသူများထဲတွင် လူကြီးများလည်း ပါဝင်သည်ကို တွေ့ရသည်။
စာရေးသူတွင် သူငယ်ချင်း နှစ်ဦးရှိသည်။ တစ်ဦးမှာပညာရေးတက္ကသိုလ်ဆင်း ကျောင်းဆရာ။ သူသည် အလွန်ရိုးသားပြီး ကြောက်တတ်သည်။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်ဆို ဝေလာဝေး။ သို့သော် ပင်စင်ယူပြီးနောက် တရှောင်ရှောင်။ နေမကောင်း ဖြစ်လာသည်။ အနာတစ်ခုဖြစ်လာသောအခါ မကျက်၍ စစ်ဆေးကြည့် မှ ဆီးချိုဝင်လာသည်ကို မသိလိုက်သောကြောင့်ဖြစ်သည်ဟု သိရသည်။
အခြားသူငယ်ချင်းမှာ အငြိမ်းစားစစ်ဗိုလ်တစ်ဦးဖြစ်သည်။ ပေပေတေတေနေ သည်။ အရက်လည်း သောက်တတ်သည်။ ရောက်တဲ့အရပ်မှာ ပျော်အောင်နေသည်။ တွေ့ကရာ အစုံစားသည်။ သူက ကျောင်းဆရာသူငယ်ချင်းကို ”သူငယ်ချင်းရာ၊ ငါတို့ ပေပေတေတေကောင်တွေက ဘာမှမဖြစ်ရဘူး၊ မင်းက ဘာမှမလုပ်တဲ့ကောင်က ဖြစ်ရတယ်ကွာ၊ ဆီးချိုတို့ သွေးတိုးတို့” ဟု ဒေါမနဿဖြင့် ပြောရှာသည်။
အမှန်ကတော့ ဘာမှမလုပ်၍ ဆီးချိုသွေးတိုး ဝင်လာခြင်းဖြစ်သည်။ ထိုကျောင်း ဆရာသူငယ်ချင်းသည် အေးအေးဆေးဆေး နေသည်။ စာ အလွန်ဖတ်သည်။ အထိုင်များသည်။ ဝက်သားအလွန်ကြိုက်သည်။ အအေးကြိုက်သည်။ အိမ်ထဲမှာပဲ အနေများသည်။ လမ်းလျှောက်သည်ဟူ၍ မရှိ။ ပင်စင်ယူပြီးမှ အလွန်ဝလာသည်။ ထို့နောက် သူ့မှာ ဆီးချို၊ သွေးတိုး ရောဂါများ ဝင်လာသည်။ အဆုတ်ရောဂါများမှာ သူ၏အနေအထိုင်ကြောင့်သာ ဖြစ်လာရခြင်း ဖြစ်သည်။ ဆေးလိပ်မသောက်၊ ကွမ်း မစား၊ အရက်မသောက်ရုံဖြင့် ရောဂါမဝင်နိုင်။ သွေးတိုး၊ ဆီးချို မဖြစ်နိုင်ဟု မှတ်ယူ၍ မရပေ။
”ဝ၍ အေးသူ… လူဖြူဖြူ ရောဂါထူမည်မှတ်၊
ပိန်၍ သွက်သူ၊ လှုပ်ရှားသူ ကျန်းမာသူဟုမှတ်၊
အစားများသူ… ထိုင်နေသူ ရောဂါထူမည်မှတ်၊
ရေသောက်နည်းသူ… ချွေးနည်းသူ ရောဂါထူမည်မှတ်၊
လမ်းလျှောက်နည်းသူ… ပျင်းရိသူ ရောဂါထူမည်မှတ်”
အထက်ပါ အချက်များအပြင် ဝမ်းဗိုက်နှင့်ပတ်သက်၍ မှတ်သားစရာလည်း ရှိပါ သည်။ ”တိုင်းပြည်တစ်ခုသည် ဝမ်းဗိုက်နှင့် တူသည်။ ဝင်ကုန်များ၍ ထွက်ကုန်နည်း လျှင် ဝမ်းချုပ်၍ သေတတ်လေသည်”ဟူသော စကားရှိသည်။ နိုင်ငံရေးစကားဖြစ် သော်လည်း လူ၏ဝမ်းဗိုက်ကို ဥပမာ ပေးထားသည်။ ဝမ်းချုပ်ခြင်းကြောင့် ဖြစ်နိုင် သော နောက်ဆက်တွဲရောဂါ များစွာရှိသည်ကို သတိပြုဖို့လိုသည်။ ဝမ်းချုပ်ခြင်းသည် အဘယ်ကြောင့်ဖြစ်သနည်းဟု တွေးတောဆင်ခြင်ဖို့လိုသည်။ အမှန်တော့ ဝမ်းချုပ် ခြင်းသည် အစာမကြေခြင်းက စသည်။
”ရောဂါမှန်သမျှ အစာမကြေခြင်းကစသည်”၊ ပါဠိဘာသာအားဖြင့် ”ရောဂါမူလံ အဇ္ဏိကံ”ဟု ဆိုသည်။ ဤစကားကို ဆေးပညာ ဥပဒေသအဖြစ် အာယုဗေဒကျမ်း များတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အစာမကြေခြင်း လေးမျိုးရှိသည်ကို ဝမ်းမီးလေးမျိုးဖြင့် ပြထားသည်။
၁။ မန္ဒဝမ်းမီး… နုံ့သော (အားနည်းသော) ဝမ်းမီး။
(အစာမချေနိုင်သောဝမ်းမီးမျိုး)
၂။ တိက္ခဝမ်းမီး… ထက်သော (ပြင်းသော) ဝမ်းမီး။
(အစာချေရည် အထွက်လွန်ကဲနေသည်)
၃။ ဝိသမဝမ်းမီး (မမျှတသော) ဝမ်းမီး။
(ကြေတစ်လှည့်၊ မကြေတစ်လှည့် ဝမ်းမီး)
၎။ ဘသမဝမ်းမီး(ပြာကျအောင်လောင်သော)ဝမ်းမီး။
(အစာအိမ်ကို ပြန်လောင်သောဝမ်းမီး)
အထက်ပါ ဝမ်းမီးအမျိုးမျိုး ရှိသူများတွင် အစာအိမ်ရောဂါ ဖြစ်လာမည်။ ကောင်း မွန်သော အစာကြေသော ဝမ်းမီးမှာ မျှတသောဝမ်းမီး “သမဝမ်းမီး” ဖြစ်သဖြင့် အားလုံးပေါင်းလျှင် ဝမ်းမီး ငါးမျိုးရှိသည်ဟု ဆိုကြသည်။ ဝမ်းမီးသည် လူ၏အသက် ပင်ဖြစ်သည်။ ဝမ်းမီးသည် အိမ်တံခါးနှင့်တူသည်။ ဝမ်းမီးပျက်လျှင် ရောဂါမျိုးစုံ ဝင်လာမည်ဖြစ်သည်။
လူတို့သည် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲသောအခါ အကြီးအကျယ် ညစာစားပွဲများ ကျင်းပကြသည်။ အမှန်မှာ ညစာဟူသည် မစားသင့်သော အစာမျိုးဖြစ်သည်။ မနက်(သလိပ်)၊ နေ့လည်(သည်းခြေ)၊ ညနေ(လေ)၊ ည(အပုပ်) ဟူသော ဆေး ပညာအယူအဆအရ ညနေစာစားလျှင်(လေ)ဖြစ်သည်။ ညစာစားလျှင်(အပုပ်) ဖြစ်သည်။ ဘုရားဟောဒေသနာနှင့်အညီ ကျင့်ကြံကြသော ရဟန်းတော်များသည် ညနေစာ၊ ညစာမစားကြ (ဘုဉ်းမပေးကြ)ပေ။
”ယနေ့အစား မနက်ဖြန်ရောဂါ”ဟူသော စကားကို အစဉ်သတိပြုကြစေချင် သည်။ အစာကိုရွေးချယ်စားသူ၊ အလွန်အကြူး အရသာနောက်မလိုက်ဘဲ ချင့်ချိန် စားသူများသည် အသက်ရှည်ကြသည်။ အထူးသဖြင့် ညစာရှောင်သူများ အသက် ရှည်ကြသည်ကို သတိပြုစေချင်သည်။
နေ့စဉ် နံနက်အိပ်ရာထသည်နှင့် သတိရစေချင်သည်မှာ ကျန်းမာရေး အဓိက ဖြစ်သည်။ ပြီးမှ စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေးကိစ္စများအတွက် စီစဉ်စရာများကို စီစဉ်ဆောင်ရွက်ပါ။ လူတို့သည် နှစ် ၁ဝဝ သက်တမ်းတွင် သေခြင်းတရားကို တစ်နေ့မဟုတ် တစ်နေ့တွင် ရင်ဆိုင်ရမည်သာဖြစ်သည်။ ကျန်းမာရေးကို ဂရုစိုက် ခြင်းအားဖြင့်(ဥပ္ဆေဒကကံဖြင့် သေခြင်းမှအပ)သေမင်းကို အန်မတုနိုင်သော်လည်း သေချိန်ကို ရွှေ့ဆိုင်းထားနိုင်မည် ဖြစ်သည်။
တစ်နေ့တာ လုပ်ဆောင်စရာများကို လုပ်ဆောင်နေရင်း သွားသတိ… စားသတိ ကျန်းမာရေးကိုလည်း သတိရကြစေချင်သည်။ ကျန်းမာရေးသတိ အမြဲရှိစေချင် သည်။ တစ်နေ့တာလုပ်ဆောင်စရာများ ဆောင်ရွက်ပြီးသော အခါများတွင်လည်း… နောက်ဆုံးအချိန် အနားယူချိန်၊ ညအချိန်တို့ ရောက်လာပါလိမ့်မည်။ တစ်နေ့တာ ဆောင်ရွက်ခဲ့သည်များကို သတိရပါလိမ့်မည်။ ကျေနပ်စရာ၊ မကျေနပ်စရာ များစွာ နေ့စဉ်ရှိပါလိမ့်မည်။ သို့သော် ညအိပ်ရာဝင်ချိန်တွင် စိတ်ကိုလျှော့ချပြီး၊ (သို့ မဟုတ်) မိမိကိုးကွယ်ရာဘာသာ၏ အဆုံးအမဖြင့် တရားမှတ်ခြင်း၊ တရားထိုင်ခြင်း၊ ပုတီး စိပ်ခြင်းများဖြင့် ကျန်းမာစွာ အိပ်စက်နိုင်အောင် ကြိုးစားကြပါဟု တိုက်တွန်းလိုပါ သည်။
”သင်ကောင်းစားနေချိန်တွင်… ကျန်းမာရေးကိုအမြဲသတိရစေချင်သည်”
ကျန်းမာခြင်းသုခနှင့် ပြည့်စုံနိုင်ကြပါစေ။ ။
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments