မြန်မာ့အရေး အမေရိကန်မူဝါဒ ပြောင်းလဲလာနိုင်သလား
The Voice Myanmar
မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စိစစ်အရေးယူ ပိတ်ဆို့မှုများသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် မကျေနပ်ချက်အား ဖော်ပြခြင်းမျှသာ မဟုတ်ဘဲ မူဝါဒ ပြင်ဆင်မှု အလားအလာ၏ အစလည်းဖြစ်နိုင်ကာ မည်မျှကျယ်ပြန့်မည်ဆိုခြင်းကတော့ ရှင်းလင်းမှု မရှိသေးပေ။
ဇေဝင်းနောင် ဘာသာပြန်ဆိုသည်။
(တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် Global Times သတင်းဝက်ဘ်ဆိုက်ပါ Ge Hongliang ၏ ဆောင်းပါးကို ပြန်ဆိုဖော်ပြထားခြင်းဖြစ်ပါသည်။ မူရင်းစာရေးသူသည် Charhar Institute မှ သုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကွမ်ရှီး တိုင်းရင်းသားရေးရာ တက္ကသိုလ် (Guangxi University for Nationalities) အာဆီယံရေးရာ ကောလိပ်မှ ပညာရှင်တစ်ဦးဖြစ်ပါသည်။ ယခုဆောင်းပါးတွင် ယေဘုယျဆန်သော သုံးသပ်မှုမျိုးသာ တွေ့ရမည်ဖြစ်သော်လည်း အမေရိကန်နှင့် မြန်မာဆက်ဆံရေးအပေါ် တရုတ်၏အမြင်ကို ဆင်ခြင်နိုင်ရန် အထောက်အကူ ရမည်ဟု ယူဆပါသည်။ ရိုဟင်ဂျာ ဆိုသော အသုံးအနှုန်းကို ဘင်္ဂါလီဟု ပြင်ဆင်ဖော်ပြထားပါသည်။ ။ ဘာသာပြန်သူ)
ဩဂုတ်လ ၂၅ ရက်နေ့တွင် ဘင်္ဂါလီအရေးကြောင့် တင်းမာမှုသစ်များ ဖြစ်ပေါ်ခဲ့သည်မှာ နှစ်လကျော် ရှိပြီဖြစ်သည်။ ပြီးခဲ့သည့်လများအတွင်း အဆိုပါ ပဋိပက္ခအပေါ် အမေရိကန် အနောက်မီဒီယာများနှင့် မြန်မာအစိုးရအကြား သိသိသာသာ အမြင်ကွဲလွဲနေမှုကို ထင်ရှားစွာ တွေ့မြင်ခဲ့ရကြရပြီးဖြစ်သည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံအပေါ် အမေရိကန်၏ အပြင်းထန်ဆုံး ထိုးနှက်ချက်ဟူ၍ မြန်မာစစ်ဘက် ခေါင်းဆောင်များအား ဖိတ်ကြားမှုနှင့် အမေရိကန်သို့ ခရီးသွားလာခွင့် ပြုထားမှုများ ရုပ်သိမ်းရန်နှင့်အတူ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် စဉ်းစားနေကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့က ထုတ်ပြန်မှုသာ ရှိသေးသည်ဟု ဆိုနိုင်သည်။ လွန်ခဲ့သော တစ်နှစ်ခန့်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားလက်ထက်တွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးကို အားစိုက်ကြိုးပမ်းခဲ့သော်လည်း ယခု ထရမ့် အစိုးရလက်ထက်တွင် လူသောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်စေသော လူမျိုးရေး ပဋိပက္ခကို ယိုးမယ်ဖွဲ့ပြီး အရေးယူ ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရေး ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။
အရေးယူ ပိတ်ဆို့မှုဆိုသည်မှာ မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မကျေနပ်မှုနှင့် အလိုမကျမှုအတွက် တိုက်ရိုက်ရလဒ်ဖြစ်ပြီး မကျေနပ်စရာများအဖြစ် ပြောင်းလဲသွားသော အစိုးရအပေါ် ဝါရှင်တန်၏ မျှော်လင့်ချက်များအပေါ် မြစ်ဖျားခံသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့ပြီးနောက် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် မျှော်လင့်ချက်ကြီးကြီး ထားခဲ့သည်။ အနောက်မီဒီယာများက ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး သူရဲကောင်းကြီးအဖြစ် ရှုမြင်ထားခဲ့ကြသည်။ အနောက်ကမ္ဘာ၏ ရှုထောင့်အရဆိုလျှင် ဒေါ်စုသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တိုးတက်ရေးအတွက် ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်ခဲ့သူဖြစ်ပြီး ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခံရခြင်းသည် အနောက်ကမ္ဘာတစ်လွှား တစ်ခုလုံးကို ဂယက်ရိုက်သွားစေခဲ့သည့်ဖြစ်စဉ်ဖြစ်သည်။ အမေရိကန်အစိုးရနှင့် ပြည်သူများအကြား ဒေါ်အောင်ဆန်းစုကြည်၏ ကျော်စောဂုဏ်သတင်းမှာ အားကောင်းလွန်းသောကြောင့် မြန်မာ့အရေးကျွမ်းကျင်သူ ဒေးဗစ်စတိန်း ဘာ့ဂ်ျကပင် “မျက်မှောက်ခေတ် အမေရိကန်ရဲ့ နိုင်ငံတစ်နိုင်ငံအပေါ် သဘောထား ရပ်တည်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်လောက် ဘယ်တိုင်းတစ်ပါးသားကမှ လွှမ်းမိုးပုံဖော်နိုင်စွမ်း မရှိဘူး”ဟု မှတ်ချက်ပေးခဲ့ဖူးသည်။
မြန်မာအစိုးရအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းလည်းရှိသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီတို့၏ လူ့အခွင့်အရေးကိစ္စ အရေးတယူ ပြောဆိုပေးသင့်သည်ဟု အမေရိကန်တို့က ယူဆထားခဲ့သည်။ ဘင်္ဂါလီတို့အပေါ် ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ရေးနှင့် မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို အနောက်တိုင်းမီဒီယာတို့က ချိတ်ဆက်ပြပြီး ရှေ့တစ်ခုသည် နောက်တစ်ခုအတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်သည်ဟု ယုံကြည်ထားကြသည်။
အမေရိကန် အာဏာ အသိုက်အဝန်း၏ ခံယူချက်အရ၊ “အရေးယူပိတ်ဆို့မှု”တွင် အားကောင်းသော ဝါဒရေးရာ အခြေခံ သဘောတရား တစ်ခုရှိပြီး ယင်းမှာ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများတွင် အဓိက ကျခဲ့သည်။ ညီညွတ်သော၊ ငြိမ်းချမ်းသော၊ သာယာဝပြောသော၊ ဒီမိုကရေစီ နည်းကျသော၊ လူ့အခွင့်အရေးကို လေးစားသော မြန်မာနိုင်ငံသည်သာ အမေရိကန်၏ အမျိုးသား အကျိုးစီးပွားနှင့် သင့်လျော်ကိုက်ညီလိမ့်မည်ဟု အမေရိကန်နိုင်ငံရေး လူတန်းစားက ရှုမြင်ထားသည်။
ဒေါ်အောင်ဆန်းစုကြည် အာဏာရလာချိန်တွင် အမေရိကန်က သူ့အပေါ် ထောက်ခံခဲ့ပြီး မျှော်လင့်ချက်ကြီးစွာဖြင့် အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းရန် အားစိုက်လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း NLD အစိုးရ၏ စိတ်မပါ့တပါ တုံ့ပြန်မှုကြောင့် အမေရိကန်၏ မျှော်လင့်ချက်များ မှေးမှိန်လာခဲ့သည်။
ထို့ပြင် အနောက်တိုင်း မီဒီယာတို့သည် ဘင်္ဂါလီ လူနည်းစုအပေါ် ဆက်ဆံမှုနှင့်ပတ်သက်ပြီး ဝေဖန်ရာတွင် ဦးဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အာဏာမရမီကပင် နယူးယောက်တိုင်းမ် သတင်းစာက ဒေါ်အောင်ဆန်းစုကြည်ကို ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး ဝေဖန်ခဲ့ဖူးကာ၊ မည်သို့သော အကြမ်းဖက်သည့်လုပ်ရပ်မျိုးဟု အတိအကျ မဖော်ပြနိုင်ဘဲ အရှက်ရဖွယ် နှုတ်ဆိတ်နေမှုအပေါ်တွင်သာ ပြစ်တင်ရှုတ်ချခဲ့ဖူးသည်။ အာဏာရလာသောအခါတွင်လည်း အမေရိကန်အစိုးရ၏ မျှော်မှန်းချက်များနှင့် NLD အစိုးရ၏ လုပ်ဆောင်မှုများအကြား ကွာဟချက် ပိုကြီးလာသောကြောင့် ဝါရှင်တန်သည် ပို၍ပို၍ မကျေမနပ် ဖြစ်လာခဲ့သည်။
ဖေဖော်ဝါရီလတွင် ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာ တစ်ခု၌ မြန်မာတပ်များသည် ဘင်္ဂါလီတို့ကို မုဒိမ်းကျင့် သတ်ဖြတ်မှုများ လုပ်ခဲ့သည်ဟု စွပ်စွဲထားပြီး “လူမျိုးရေးရှင်းလင်းမှု” လုပ်နေသည်ဟု ဝေဖန်ထားသည်။ NLD အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်က စွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သော်လည်း အနောက် မီဒီယာများကမူ ဒေါ်စုသည် ဤကိစ္စကို ဝေ့လည်ကြောင်ပတ် လုပ်နေသည်ဟုသာ ယူဆထားကြသည်။
အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများမှ မီဒီယာများသည် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်နှင့် ပတ်သက်၍လည်း မကျေမနပ်၊ အလိုမကျဖြစ်ကြောင်း ဖော်ပြကြပြန်သည်။ ယခုအခါတွင်တော့ ARSA အဖွဲ့က ဖန်တီးခဲ့သော အကြမ်းဖက်မှုများကြောင့် ဘင်္ဂါလီဒုက္ခသည်များ ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ NLD အစိုးရ၏မူဝါဒကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဖြင့် အသိပေး ထုတ်ပြန်ခဲ့သလို ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ကို ဦးဆောင်သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ အဆိုပြုချက်များအရ နိုင်ငံသားစိစစ်မှု၊ ဘင်္ဂါလီဒုက္ခသည်များ အရေးနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ဆွေးနွေးမှု၊ ပြည်ပ ဂျာနယ်လစ်များ ရခိုင်ပြည်နယ်သို့ လာရောက် သတင်းယူခွင့်ပေးမှုတို့ အပါအဝင် အစီအစဉ်များ အကောင်အထည် ဖော်နေပြီဖြစ်သည်။
သို့သော်လည်း ပြဿနာများ ရှိနေဆဲဖြစ်ပြီး အနောက် မီဒီယာများက မြန်မာနိုင်ငံအပေါ် ဆက်လက် ဖိအားပေးနေဆဲဖြစ်ကာ မြန်မာအစိုးရ၏ လုပ်ရပ်များကို “လူမျိုးရေးရှင်းလင်းမှု”အဖြစ် တံဆိပ်ကပ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ သဘောကွဲလွဲမှု များလာချိန်တွင် အမေရိကန်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများ တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။ အမေရိကန် အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဘော့ဘ်ကော်ကာက ဒေါ်စုသည် ဘင်္ဂါလီတို့၏ ဘေးဒုက္ခအပေါ် “အရေးမစိုက်”ဟု ဝေဖန်ပြစ်တင်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် “မူဝါဒပြင်ဆင်မှု” ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စိစစ်အရေးယူ ပိတ်ဆို့မှုများသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် မကျေနပ်ချက်အား ဖော်ပြခြင်းမျှသာ မဟုတ်ဘဲ မူဝါဒ ပြင်ဆင်မှု အလားအလာ၏ အစလည်းဖြစ်နိုင်ကာ မည်မျှကျယ်ပြန့်မည်ဆိုခြင်းကတော့ ရှင်းလင်းမှု မရှိသေးပေ။ တကယ်တမ်းတွင်တော့ ထရမ့်သည် အိုဘားမားလောက် မြန်မာ့အရေးကို အာရုံစိုက်သူတော့ မဟုတ်ပေ။ နောက်တစ်ချက်မှာ ရခိုင်ပြည်နယ်အရေးတွင် မြန်မာစစ်တပ်က အဓိကကျသည်ဟု အမေရိကန်က ယူဆထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုသစ်များ ချမှတ်သည့်တိုင် အမေရိကန် - မြန်မာ ဆက်ဆံရေးအပေါ် ကြီးမားသော သက်ရောက်မှုမျိုး ရှိမလာနိုင်ဟုသာ သုံးသပ်ရမည်ဖြစ်ပေသည်။
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments