ခင်ဝင့်ဝါနဲ့ တွေ့ဆုံခြင်း
“တချို့ ကိုယ့်ကို မုန်းတဲ့သူတွေကျတော့လည်း စိတ်ညစ်အောင်လို့ Troll တာပေါ့နော်။ အဲဒါကြည့်ပြီးတော့ ငါ့ကို မုန်းတဲ့သူတွေလည်း ရှိပါလားဆိုပြီး စိတ်မကောင်းတော့ ဖြစ်တယ်”
သရုပ်ဆောင် ခင်ဝင့်ဝါနဲ့တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း၊ သရုပ်ဆောင် ဇေရဲထက်နဲ့ ဗီဒီယိုဇာတ်ကားတွေ အရိုက်များတဲ့အကြောင်း၊ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ကြုံတွေ့ရတဲ့ ဝေဖန်မှုတွေအပေါ် သူ့အမြင်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။
Voice : ခင်ဝင့်ဝါရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှု အကြောင်းကနေစပြီး ပြောပြပေးပါဦး။
KWW : ညီမ ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖို့ ရှိတယ်။ ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ဖို့ လက်ခံထားပါတယ်။ နောက်ပြီးရင် နောက်နှစ်ထဲမှာ ဇာတ်လမ်းတွဲတစ်ခုလည်း ရိုက်ဖို့ရှိပါတယ်။ အမှန်ဆို ဇာတ်လမ်းတွဲက ဒီနှစ်ထဲမှာ ရိုက်မလို့ပါ။ ရက်ရွှေ့ရင်း၊ ရွှေ့ရင်းနဲ့ နောက်နှစ်ထဲကို ရောက်သွားတာပါ။ အနုပညာ လှုပ်ရှားမှုကတော့ ပုံမှန် လုပ်နေကျအတိုင်း ဇာတ်ကားတွေ ရိုက်မယ်၊ ကြော်ငြာလေးတွေ ရိုက်ဖြစ်မယ်။ ကိုယ့်ကို ဖိတ်ထားတဲ့ပွဲလေးတွေ တက်ဖြစ်မယ်။
Voice : ဗီဒီယို ဇာတ်ကားတွေကျတော့ ဇေရဲထက်နဲ့ အရိုက် များတယ်နော်။ နှစ်ယောက်က သရုပ်ဆောင်ရတာ အပေးအယူမျှလို့ ပိုရိုက်ဖြစ်နေတာလား။
KWW : သူက ညီမနဲ့ပဲ ရိုက်တာ မဟုတ်ပါဘူး။ သူပဲ ဗီဒီယို ဇာတ်ကားတွေ အရိုက် များနေလို့လား မသိပါဘူး။ ညီမ တစ်ယောက်တည်းနဲ့ ရိုက်တာ မဟုတ်ပါဘူး။ ရှေ့မှာလည်း ပက်ထရစ်ရှာတို့၊ မနန်းမြတ်ဖြိုးသင်းတို့နဲ့လည်း သူ ဇာတ်ကားတွေ တွဲရိုက်နေတာပါပဲ။ သူကလည်း ဗီဒီယို ရိုက်တာများလို့ ထင်ပါတယ်။ ညီမနဲ့ကျတော့ ကားရိုက်ကျဲပေမယ့် အဆုံ များပါတယ်။
Voice : သူနဲ့ရိုက်တဲ့ ဇာတ်ကားတချို့မှာ ဇာတ်ဝင်ခန်း ပုံရိပ်တချို့ကြောင့် ပရိသတ်တွေက ဝေဖန်တာမျိုးတွေလည်း ကြုံခဲ့ရဖူးတယ်နော်။ ဒီအပေါ်မှာရော ဘယ်လိုခံစားရလဲ။
KWW : ဒါကတော့ ပရိသတ်တွေက အမြင်လွဲမှားပြီး ပြောကြတာပါ။ ညီမတို့တွေကတော့ အနုပညာ မောင်နှမတွေလို သဘောထားပြီး အလုပ် လုပ်ကြတာပါ။ ပရိသတ်တွေ ထောက်ပြတဲ့အတွက် နောက်ပိုင်းမှာ ညီမ ပိုပြီး သတိထားပါတယ်။ သူနဲ့ရိုက်မှ မဟုတ်ပါဘူး။ ဘယ်သူနဲ့ပဲ ရိုက်ရိုက်၊ အဝတ်အစား အပြင်အဆင်အပိုင်းနဲ့ သရုပ်ဆောင်မှု အပိုင်းကို ပိုပြီးသတိထား ဖြစ်ပါတယ်။ ကိုဇေရဲထက်က ညီမတို့ရဲ့ စီနီယာ ဖြစ်တဲ့အတွက် ရိုက်ကွင်းမှာဆိုလည်း သူ သိတာလေးတွေကို ပြန်ပြောပြပေးတယ်။ လိုအပ်တာတွေ ရှိရင်လည်း အကြံပေးပါတယ်။ သူနဲ့ တွဲရိုက်ရတဲ့အတွက် ပညာလည်း ရပါတယ်။
Voice : အွန်လိုင်းမှာ ကိုယ်နဲ့ပတ်သက်ပြီး နောက်ပြောင်တဲ့ Troll လေးတွေ တွေ့ရင်ရော ဘယ်လိုခံစားရလဲ။
KWW : တချို့ ကိုယ့်ကိုမုန်းတဲ့သူတွေ ကျတော့လည်း စိတ်ညစ်အောင်လို့ Troll တာပေါ့နော်။ အဲ့ဒါကြည့်ပြီးတော့ ငါ့ကိုမုန်းတဲ့သူတွေလည်း ရှိပါလားဆိုပြီး စိတ်မကောင်းတော့ ဖြစ်တယ်။ ဒါပေမဲ့ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ကို ချစ်တဲ့သူရှိသလို၊ မုန်းတဲ့သူလည်း ရှိမှာပဲလေ။ ဒီအပေါ်မှာ ကိုယ်က အပြစ်သွားပြောလို့တော့ မရဘူး။ ကိုယ့်ကို မုန်းတဲ့သူတွေက ဘာကြောင့်မုန်းလဲ။ သူတို့ လက်ခံလာအောင် ကိုယ်ဘယ်လို ကြိုးစားရမလဲဆိုတာကို ဆင်ခြင်လို့ရတာပေါ့။
Voice : တချို့မင်းသမီးတွေ စွံကုန်ကြပြီ။ ခင်ဝင့်ဝါရဲ့ အချစ်ရေးကရော မထူးခြားသေးဘူးလား။
KWW : ညီမရဲ့ အနုပညာ သက်တမ်းကလည်း သိပ်မရှိသေးဘူးဆိုတော့ အနုပညာ အလုပ်ကိုပဲ သေချာကြိုးစားသွားမယ်။ တကယ်လို့ ကံတရားက ပေးလာမယ် ဆိုရင်တော့ ပရိသတ်တွေကို ကြေညာမှာပေါ့နော်။ ညီမ Miss ပြိုင်ပွဲပြီးကတည်းက ပရိသတ်တွေရဲ့ အချစ်တွေ၊ အားပေးမှုတွေနဲ့ ဒီနေ့ ဒီအချိန်အထိ ရပ်တည်နေနိုင်တာပါ။ ပရိသတ်တွေက ညီမရဲ့ အားဆေးပါပဲ။ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ ညီမ ဆက်လက် ရပ်တည်ပြီး ကြိုးစားသွားမယ်။ အိမ်ထောင်ပြုတာတို့ ဘာတို့ကတော့ အဝေးကြီး လိုပါသေးတယ်။ အချိန် အပိုင်းအခြား တစ်ခုရောက်လို့ အိမ်ထောင်ရေးအတွက် စဉ်းစားတော့မယ်ဆိုရင် ညီမ ပရိသတ်တွေကို အသိပေးမှာပါ။
Voice : အခုနောက်ပိုင်းမှာ အွန်လိုင်း မီဒီယာတွေ အားကောင်းလာတဲ့အပေါ်ကိုရော အနုပညာရှင် တစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိလဲ။
KWW : အွန်လိုင်းမီဒီယာတွေ အားကောင်းလာတာ ကောင်းပါတယ်။ အရင်တုန်းကဆိုရင် အခမဲ့ ရုပ်သံလိုင်းကနေ တစ်ဆင့်ပဲ ညီမတို့ရဲ့အင်တာဗျူးတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ပရိသတ်တွေ သိရတာပါ။ အခုဆိုရင် လူတိုင်းနီးပါး ဖုန်းတွေ သုံးလာကြတယ်။ ပရိသတ်တွေဆီကို အချိန်နဲ့တစ်ပြေးညီ သတင်းတွေပို့ပေးနိုင်တဲ့ အွန်လိုင်း မီဒီယာတွေ ပေါ်လာတော့ ညီမတို့ အနုပညာရှင်တွေအတွက် အရမ်း ကောင်းတာပေါ့နော်။ ညီမတို့ အနုပညာရှင်တွေရဲ့ သတင်းတွေမှ မဟုတ်ပါဘူး။ နိုင်ငံရေး၊ သဘာဝဘေး၊ ကျန်းမာရေး စတဲ့ သတင်းတွေကိုလည်း အွန်လိုင်းကနေပြီး ပရိသတ်တွေဆီကို ရောက်အောင် ပို့ပေးတဲ့အတွက် အွန်လိုင်းမီဒီယာတွေရှိတာ ကောင်းပါတယ်။
သန့်ဇင်ဦး
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments