စာရေးဆရာ မင်းသစ် ကွယ်လွန်
ကာလရှည်ကြာ အဆုတ်ကင်ဆာဝေဒနာခံစားနေရသော စာရေးဆရာ မင်းသစ် သည် ထိုရောဂါနှင့်ပင် သုခကမ္ဘာဆေးရုံတွင် နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
ဆရာမင်းသစ်သည် တချိန်က ဘိုင်အိုမင်းသစ်ဟု ကျော်ကြားခဲ့သူဖြစ်ပြီး ကျောင်းဆရာဘ၀နှင့် အသက်မွေးခဲ့သူဖြစ်သည်။ ဆရာမင်းသစ်ကို ၁၉၄၆ ခုနှစ်တွင် အဖဦးစံရွှေ၊ အမိ ဒေါ်သန်းခင်တို့က စစ်ကိုင်းမြို့တွင် မွေးဖွားခဲ့ကာ ၁၉၆၇ ခုနှစ်တွင် B.Sc (Bio) ဘွဲ့ရရှိခဲ့ကြောင်း သိရသည်။
စာသင်ခြင်းအလုပ်ကို အဓိက အလုပ်တခုအဖြစ် လုပ်နေသော်လည်း ရုပ်ရှင်ဇာတ်ညွှန်းနှင့် သီးချင်းရေးသားခြင်းကိုလည်း ပြုလုပ်ခဲ့သူဖြစ်သည်။ ထို့အပြင် ၁၉၇၁ တွင် ဆရာနတ်နွယ်နှင့် တွဲဖက်ကာ မိုးဝေမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ၁၉၉၁ တွင် စံပယ်ဖြူ မဂ္ဂဇင်း၊ ၂၀၁၃ တွင် ပင်းယမဂ္ဂဇင်းတို့ကို ဦးစီးထုတ်ဝေခဲ့ပြီး နောက်ပိုင်းတွင် ချင်းတွင်းမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆရာမင်းသစ်သည် မကွယ်လွန်မီ ရောဂါဝေဒနာခံစားနေရချိန်မှာပင် အပတ်စဉ်ထုတ် ဂျာနယ်များ၌ ဆောင်းပါးများရေးသားခဲ့ပြီး မဂ္ဂဇင်းများတွင်လည်း ၀တ္ထုများရေးသားခဲ့သည်။ သူ၏ အကျော်ကြားဆုံးဝတ္ထုတိုများထဲမှ တစ္ဆေရင်ကွဲဝတ္ထုသည် ၁၉၉၁ ခုနှစ်က ရေးသားခဲ့သော်လည်း ယနေ့ကာလအထိ ခေတ်မီနေဆဲဖြစ်သည်။ ဆရာမင်းသစ်ကိုယ်တိုင် သိပ္ပံဝတ္ထုဟု ပြောခဲ့သော ‘နောဧသင်္ဘောကို ငှားစီးခြင်း’မှာလည်း ၀တ္ထုတိုသမားများအကြား တွင် ပြောစမှတ်ပြုခဲ့သောရသော စာတပုဒ်ဖြစ်ခဲ့သည်။ သူ၏ ပထမဆုံးဝတ္ထုတိုမှာ ၁၉၇၀ စက်တင်ဘာလထုတ် မိုးဝေမဂ္ဂဇင်းတွင် ရေးသားခဲ့သော လန်ဒန်မိုးခါးရေ ဖြစ်သည်။
ခရစ်တော်ထံ သူအိပ်ပျော်သွားချိန်တွင် သူ့အသက်မှာ ၇၁ နှစ်ရှိပြီဖြစ်ပြီး ဇနီးနှင့် သမီးနှစ်ယောက် သားတယောက်ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ကျန်ရှိသော သူ့၏ ရုပ်ကလာပ်ကို နိုဝင်ဘာ ၁၁ ရက်တွင် ရေဝေးသုသာန်သို့ ပို့ဆောင်မည်ဖြစ်သည်။

- Get link
- X
- Other Apps
- Get link
- X
- Other Apps

Comments