ဗစ်တိုးရီးယားပြည်နယ်လုံးဆိုင်ရာ အဆင့်မြင့်ပညာအဆင့် ဘက်စုံထူးချွန်နိုင်ငံတကာကျောင်းသားဆု မြန်မာကျောင်းသူရရှိ
သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် အစိုးရကပေးအပ်သည့် ကဏ္ဍစုံ၊ ဘက်စုံထူးချွန်ကျောင်းသားဆု ၈ မျိုးအနက် ယခုနှစ်အတွက် အဆင့်မြင့်ပညာအဆင့် ဘက်စုံထူးချွန် နိုင်ငံတကာ ကျောင်းသားဆု (နိုင်ငံတကာ ကျောင်းသားများကိုသာ ရွေးချယ်ပေးအပ်သည့်ဆု)ကို မြန်မာနိုင်ငံကျောင်းသူ မဆုထက်ဇော်က ရရှိခဲ့ကြောင်း ယင်းဆုရွေးချယ်ရေးအဖွဲ့ထံမှ သိရှိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁
သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် အစိုးရကပေးအပ်သည့် ကဏ္ဍစုံ၊ ဘက်စုံထူးချွန်ကျောင်းသားဆု ၈ မျိုးအနက် ယခုနှစ်အတွက် အဆင့်မြင့်ပညာအဆင့် ဘက်စုံထူးချွန် နိုင်ငံတကာ ကျောင်းသားဆု (နိုင်ငံတကာ ကျောင်းသားများကိုသာ ရွေးချယ်ပေးအပ်သည့်ဆု)ကို မြန်မာနိုင်ငံကျောင်းသူ မဆုထက်ဇော်က ရရှိခဲ့ကြောင်း ယင်းဆုရွေးချယ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ယင်းထူးချွန်ဆုကို ပညာရေးအောင်မြင်မှုမှတ်တမ်း၊ တက္ကသိုလ်အဆင့်၊ ပြည်နယ်အဆင့် နိုင်ငံအဆင့် ပရဟိတ၊ လူမှုရေးကိစ္စများတွင် ပါဝင်လှုပ်ရှားကူညီမှုနှင့် အောင်မြင်မှု၊ ဗစ်တိုးရီးယားပြည်နယ်၏ ကျောင်းသားသံတမန်အနေနှင့် နိုင်ငံတကာ ကျောင်းသားများကို အတိုင်းအတာတစ်ရပ်ထိ ထိထိရောက်ရောက် ကူညီနိုင်မှုစသည့် အချက်များအပေါ် အခြေခံ ရွေးချယ်ခြင်းဖြစ်သည်။
ဆုရရှိသူ မဆုထက်ဇော်က “ကျွန်မ ဒီဆုရရှိတဲ့အတွက်ကြောင့် ဗစ်တိုးရီးယားပြည်နယ်ရဲ့ ကျောင်းသားသံတမန်အနေနဲ့ နိုင်ငံတကာ ကျောင်းသားတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကူညီပေးနိုင်မယ်။ သြစတြေးလျ လာတုန်းက စဉ်းစားတာ အစိုးရက ပညာသင်ဆု ပေးတယ်။ အစိုးရရဲ့ ထောက်ပံ့ပေးမှုကို အကျိုးရှိစွာ အသုံးချချင်တဲ့ ရည်ရွယ်ချက်နဲ့ စာကိုလည်း ကြိုးစားပြီး ပရဟိတ လုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှ ပါဝင်လှုပ်ရှားပြီး ကူညီတယ်။ အစိုးရရဲ့ ပညာသင်ထောက်ပံ့ပေးမှု ကျေးဇူးကြောင့် မြန်မာနိုင်ငံကို ပြန်ပြီးတော့ နိုင်ငံခြားပညာသင် အတွေ့အကြုံကို ပြန်မျှဝေနိုင်ဖို့ စဉ်းစားပြီးတော့ စာတင်သာမက ဘက်စုံထူးချွန်အောင် ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ”ဟု The Voice သို့ ပြောကြားသည်။
သြစတြေးလျနိုင်ငံသို့ သွားရောက်ပညာသင်ကြားသည့် မြန်မာကျောင်းသားများတွင် ယင်းဆုကို ပထမဆုံး ရရှိသူဖြစ်ပြီး လက်ရှိ သူမ တက်ရောက်နေသည့် La Trobe University ကျောင်းသားအနေနှင့် ကျောင်းကိုယ်စားပြု ပထမဆုံး ရရှိခြင်းလည်းဖြစ်သည်။ မဆုထက်ဇော်သည် လက်ရှိတွင် မဲလ်ဘုန်းမြို့ La Trobe University ၌ ပညာရေးဆိုင်ရာ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အတတ်ပညာ မဟာတန်း နောက်ဆုံးနှစ်ကို တက်ရောက်နေသူဖြစ်သည်။
အဆင့်မြင့်ပညာအဆင့် ဘက်စုံထူးချွန် နိုင်ငံတကာ ကျောင်းသားဆုအတွက် နောက်ဆုံးဆန်ကာတင် လေးဦးကို ရွေးချယ်ပြီး ယင်းအနက် အထူးချွန်ဆုံးသူ (Winner) တစ်ဦးကို ထပ်မံ ရွေးချယ်ခြင်းဖြစ်သည်။ အဆိုပါ အထူးချွန်ဆုံးဆုကို ရရှိသဖြင့် သြစတြေးလျဒေါ်လာ တစ်သောင်း(မြန်မာငွေ ကျပ်သိန်း တစ်ရာကျော်) သူမ၏ ပညာရေးအတွက် ဗစ်တိုးရီးယားပြည်နယ် အစိုးရက ထောက်ပံ့ပေးမည်ဖြစ်သည်။ ဆုရွေးချယ်၊ ချီးမြှင့်ခြင်းကို အောက်တိုဘာလ ၃၀ ရက်က မဲလ်ဘုန်းမြို့တွင် ပြုလုပ်ခဲ့သည်။
မဆုထက်ဇော်သည် ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှဖြစ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာရေး သဘောတရား မဟာတန်း တက်နေစဉ်(၂၀၁၅ ခုနှစ်) သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ပေးအပ်သည့် သမ္မတပညာတော်သင်ဆုဖြင့် သြစတြေးလျသို့ သွားရောက် ပညာသင်ကြားနေခြင်း ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံတွင် အထက်တန်းပြ ဆရာမတစ်ဦးလည်း ဖြစ်သည်။
Comments